လူ့ယဉ်ကျေးမှုရဲ့ ဆင့်ကဲတိုးတက်မှုတိုင်းဟာ သမိုင်းကိုသိတဲ့စိတ်ကနေ မြစ်ဖျားခံတယ်။ သမိုင်းကိုသိတော့ အနာဂတ်ကို မျှော်လင့်လာကြတယ်။
မြန်မာပြည်သူတွေရဲ့ သမိုင်းသိစိတ်မှာ အာဏာရှင်စနစ်ဆိုးရဲ့ ခါးသီးစက်ဆုပ်ဖွယ် အတွေ့အကြုံတွေ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ အာဏာရှင်လက်အောက်မှာ တရားမျှတမှု၊ လွတ်လပ်ခွင့်နဲ့ လူပီသစွာ ရှင်သန်နေထိုင်ခွင့်တွေ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရပြီး မျိုးဆက်ပေါင်းများစွာ ဘဝတွေစတေးခဲ့ကြရတယ်။
ဒါကြောင့်လည်း မြန်မာ့နွေဦးတော်လှန်ရေးဆိုတာ ပေါ်ပေါက်လာခဲ့ရပြီး ပြည်သူလူထုဟာ သူတို့ရဲ့ အနာဂတ် မျှော်လင့်ချက်ကို ထုဆစ်ပုံဖော်ဖို့ အဆုံးစွန်သောပေးဆပ်မှုတွေနဲ့ မဆုတ်မနစ် တိုက်ပွဲဝင်လျက် ရှိနေကြတယ်။
တကယ်တော့ ဒီတော်လှန်ရေးဟာ …
မြန်မာပြည်သူတွေရဲ့ သမိုင်းအသိနဲ့ အနာဂတ်ရည်မျှော်ရာကို ပေါင်းကူးဆက်သွယ်ထားတဲ့ တော်လှန်ရေး၊
ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက် စံနမူနာပြ သမိုင်းမှတ်တမ်းအဖြစ် ချန်ရစ်ထားခဲ့မယ့် တော်လှန်ရေး၊
ဒီမိုကရေစီကို သက်ဝင်ယုံကြည်တန်ဘိုးထားတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို မှတ်ကျောက်တင် အဆုံးအဖြတ်ပြုမယ့် တော်လှန်ရေးတစ်ရပ်ဖြစ်တယ်။
ပြည်သူဟာ သူနဲ့ထိုက်တန်တဲ့အစိုးရကိုသာ ရလေ့ရှိသတဲ့။
ဒီထက်ပိုပြီး စွန့်စားစွန့်လွှတ်စရာ မကျန်တော့တဲ့အထိ ပေးဆပ်တိုက်ပွဲဝင်နေရှာတဲ့ ကျနော်တို့ပြည်သူတွေ အတွက် ထိုက်တန်တဲ့အစိုးရရရှိရေးဆိုတာ အောင်ပွဲမှလွဲ၍ မှတပါး အခြားမရှိပြီ။